အမျိုးသမီးဦးဆောင်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖိုရမ် ၂၀၂၆
**********************
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (Myanmar Women Entrepreneurs Network – MYANWEN) သည် အမျိုးသမီးများ ဦးဆောင်လုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့်
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော Capacity Building သင်တန်းများ၊ စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ရန် လိုအပ်သည့် အသိပညာနှင့် အတွေ့အကြုံများကို အသင်းစတင်တည်ထေ ာင်ခဲ့သည့် ၂၀၂၀ ခုနှစ်မှစတင်၍ စဉ်ဆက်မပြတ် မျှဝေပေးလျက်ရှိပါသည်။
ယခုအခါ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသအတွင်းရှိ အမျိုးသမီးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ “အမျိုးသမီးဦးဆောင်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖိုရမ် ၂၀၂၆” ကို ၂၀၂၆ ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် Jasmine Hotel, Taunggyi ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခုဖိုရမ်ကို ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်တောင်ကြီးဒေသအတွင်းရှိ အမျိုးသမီးဦးဆောင်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)၊ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသော အမျိုးသမီးလုပ်ငန်းရှင်များနှင့် မိခင်တာဝန်၊ မိသားစုတာဝန်များကို လုပ်ငန်းတာဝန်များနှင့်အတူ မျှတစွာ ထမ်းဆောင်နေကြသော Women Entrepreneurs များအတွက် လုပ်ငန်း ဆောင်တာ များကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲလာစေရန် ဖြစ်ပါသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ခိုင်ဇာလင်းနောင်၊
ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ဇနီး ဒေါ်သီတာဦး၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်အေးချိုစိန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့်
ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်
စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း (၂၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
မနက်ပိုင်းအစီအစဉ်တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်၏ ဥက္ကဋ္ဌ
ဒေါက်တာစုလှဟန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (ရှမ်းပြည်နယ်၊ တောင်ကြီး) ဥက္ကဋ္ဌ
ဒေါ်ရတနာဇော်မှ ဖိုရမ်၏ ရည်ရွယ်ချက်နှင့် အစီအစဉ်အသေးစိတ်များကို မိတ်ဆက်ရှင်းလင်းခဲ့ပါသည်။
ဆက်လက်ပြီး ကျွမ်းကျင်ပညာရှင်များ၏ အထူးဟောပြောပွဲများကို ကျင်းပခဲ့ရာ
KBZ Bank နှင့် KBZPay မှ ဦးမျိုးဝင်းဇော် (Head of Business Units, SME Business Banking Business Unit & Sales and Engagement Business Unit)
က “Digital Financial Literacy” ခေါင်းစဉ်ဖြင့်လည်းကောင်း၊
City Trust Finance မှ Chief Executive Officer ဦးငြိမ်းချမ်းစိုးဝင်းက
“Digital Transformation for MSMEs in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးမျှဝေခဲ့ကြပါသည်။
ထို့နောက် “AI နှင့် စီးပွားရေးအသွင်ကူးပြောင်းမှု – အမျိုးသမီးဦးဆောင် MSMEs များ၏ လက်တွေ့ခရီးစဉ်”
ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ပြီး Moderator အဖြစ် 🔸 Daw Yadanar Zaw (CEO, Golden Vision Myanmar Co., Ltd) မှလည်းကောင်း Panelists များအဖြစ်
🔸 Daw Nang Hsen Siri Aung (Director, TANG KAY Co., Ltd),
🔸 Daw Thida Win (Founder & CEO, Plan BEE Social Enterprise) နှင့်
🔸 Daw Win Lae Mya Yee San (Founder & CEO, Net Asia Co., Ltd) တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် နေ့လည်ပိုင်းတွင် AI နည်းပညာဖြင့် လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် GEN AI Workshop ကို ဦးကျော်စစ်နိုင် (Founder, Yangon School of Social Work) မှ ဦးဆောင်ဆွေးနွေး သင်ကြားပေးခဲ့ပါသည်။
အဆိုပါ MSMEs Forum 2026 သည် အမျိုးသမီးလုပ်ငန်းရှင်များ၏ စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရေး၊ နည်းပညာအသုံးချမှု တိုးတက်လာစေရေးနှင့် ဒေသတွင်း MSMEs လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာစေရေးအတွက် အထောက်အကူပြုသော အရေးပါသည့် Forum တစ်ခုဖြစ်ပါသည်။
ဟောပြောပွဲအတွင်း AI နည်းပညာများကို MSMEs လုပ်ငန်းများအနေဖြင့် မည်သို့အသုံးချနိုင်မည်၊လုပ်ငန်းများကို မည်သို့ပိုမိုထိရောက်စွာ တိုးတက်အောင် ဆောင်ရွက်နိုင်မည်နှင့်
အနာဂတ်အခွင့်အလမ်းများအတွက် မည်သို့ပြင်ဆင်သင့်သည်တို့ကို အပြန်အလှန်
ဆွေးနွေးဖလှယ်ခဲ့ကြပြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါ ဖိုရမ်ကို KBZ Financial Partner မှ အဓိကပံ့ပိုးကူညီခဲ့ပြီး City Trust Finance နှင့် Royal D တို့မှလည်း ပူးပေါင်းပံ့ပိုးပါဝင်ခဲ့ကြပါသည်။
ထို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန် ပစ္စည်းများကိုလည်း ခင်းကျင်းပြသခဲ့ပါသည်။


















































































