မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခြင်း
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက် (စနေနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Sedona Hotel Grand Ballroom ၌ စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆ ိုပါ အခမ်းအနားသို့ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နှင်းနှင်းအေး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ တာဝန်ရှိသူများ၊ UMFCCI မှ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ညီနောင်အသင်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ MYANWEN ၏ ဂုဏ်ထူးဆောင်နာယကကြီးများ၊ အကြံပေးများနှင့် အသင်းဝင်ညီအစ်မများ စုစုပေါင်း (၄၀၀) ကျော် တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ အဖွင့်အမှာစကားများကို အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင် မှ ပြောကြားခဲ့ရာတွင် အမျိုးသမီးများ၏ စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည်သည် ယနေ့ခေတ်တွင် ပိုမိုအရေးပါလာကြောင်း၊ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသရှိ အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းသည် အမျိုးသမီးတစ်ဦးချင်းစီ၏ အောင်မြင်မှုကိုသာ ဖန်တီးပေးခြင်းမဟုတ်ဘဲ မိသားစု၊ လူမှုအသိုက်အဝန်းနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မှလည်း ဗီဒီယိုဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း မှ MYANWEN အသင်းသည် သက်တမ်းအားဖြင့် မကြာသေးသော်လည်း (၅) နှစ်တာကာလအတွင်း အမျိုးသမီးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကွန်ရက်ချိတ်ဆက်မှုများတွင် ထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ခြင်းကို အသိအမှတ်ပြု ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ MYANWEN ဥက္ကဋ္ဌ ဒေါက်တာစုလှဟန် မှ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည်နှစ်ပတ်လည်အစီရင်ခံစာများ တင်ပြခြင်းသာမက MYANWEN ၏ အနာဂတ်ရည်မှန်းချက်များ၊ ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများနှင့် လုပ်ငန်းရှင်အမျိုးသမီးများ၏ အိမ်မက်များကို ဆက်လက်အကောင်အထည်ဖော်ရန် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ MYANWEN ၏ (၅) နှစ်တာခရီးသည် အမျိုးသမီးလုပ်ငန်းရှင်များ၏ အိမ်မက်များကို လက်တွေ့အကောင် အထည်ဖော်ခဲ့သည့် ခရီးလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးအစီအစဉ်များအဖြစ် MYANWEN ၏ ၂၀၂၅–၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ကို အထွေထွေ အတွင်းရေးမှူး ဒေါက်တာအေးအေးမာ မှ ရှင်းလင်းတင်ပြခဲ ့ပြီး၊ သက်ဆိုင်ရာကော်မတီများ၏ Focal များမှ ကော်မတီအလိုက် တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် အောင်မြင်မှုများကို အသေးစိတ်တင်ပြခဲ့ကြပါသည်။
ယင်းနောက် ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းကို တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ် Rose ခင်မီမီဝင်း မှ ဖတ်ကြားတင်ပြ၍ အသင်းသားများ၏ အတည်ပြုချက် ရယူခဲ့ပါသည်။ ထို့အပြင် ပြင်ပစာရင်းစစ်အဖွဲ့ U Than Aung & Associates ၏ Managing Partner ဦးသန်းအောင် မှ ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွက် စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ထို့နောက် ၂၀၂၅–၂၀၂၆ ခုနှစ်အတွင်း ကဏ္ဍအသီးသီးတွင် ထူးချွန်အောင်မြင်မှုများ ရရှိ ခဲ့ကြသော MYANWEN အသင်းဝင်ညီအစ်မများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထို့အပြင် အသင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ပံ့ပိုးလမ်းညွှန်ပေးခဲ့ကြသော နာယကကြီးများနှင့် အကြံပေးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ဂုဏ်ပြုခဲ့ပါသည်။
ဆက်လက်၍ MYANWEN ဒုတိယဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်အေး မှ ကျေးဇူးတင်စကား ပြောကြားပြီးနောက် ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
ယခုအခမ်းအနားတွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဒေသထွက် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ၏ ကုန်ပစ္စည်းပြခန်း (Booth) များကို လည်း ခင်းကျင်းပြသရောင်းချခဲ့ပြီး ဒေသအသီးသီးမှ အမျိုးသမီးဦးဆောင် စီးပွားရေးလုပ်ငန်းများအတွက် ဈေးကွက်ချိတ်ဆက်နိုင်ရန်နှင့် ထုတ်ကုန်များကို ကျယ်ပြန့်စွာ မိတ်ဆက်နိုင်ရန် အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်ခဲ့ပါသည်။
MYANWEN အနေဖြင့် အမျိုးသမီးဦးဆောင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည်မြှင့်တင်ခြင်း၊ ဈေးကွက်ချိတ်ဆက်ခြင်း၊ အသိပညာမျှဝေခြင်းနှင့် ကွန်ရက်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်အားသွန်ခွန်စိုက် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် ပံ့ပိုးပေးခြင်းအားဖြင့် ဒေသတွင်းစီးပွားရေးနှင့် နိုင်ငံ၏ စီးပွ ားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုခိုင်မာအားကောင်းလာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးကြသော ဧည့်သည်တော်ကြီးများ၊ ပံ့ပိုးကူညီပေးကြသော လုပ်ငန်းရှင်ကြီးများ၊ ပါဝင်ဆင်နွှဲကြသော MSME လုပ်ငန်းရှင်များနှင့် MYANWEN အသင်းဝင်ညီအစ်မများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။




































































































