မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) ရှမ်းပြည်နယ်အသင်းခွဲမှ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကြီး၏ ဇနီးဒေါ်နန်းစိုးစိုးထွေး နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်သီတာဦး တို့အား ၂၀၂၆ ခုနှစ် ဇွန်လ (၁၈) ရက်နေ့တွင် တောင်ကြီးမြို့၌ ဂါရဝပြုတွေ့ဆုံခဲ့ကြပါသည်။
တွေ့ဆုံပွဲအတွင်း MYANWEN အနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ အသေးစားနှင့် အလတ်စား အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရေး၊ ရှမ်းပြည်နယ်မှ MSME ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်အပြင် နိုင်ငံတကာဈေးကွက်များသို့ပါ တိုးချဲ့တင်ပို့ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အလွတ်သဘော ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြပါသည်။
MYANWEN ၏ အသင်းခွဲ အခြေစိုက်ရာ ရှမ်းပြည်နယ်တွင်လည်း အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ စီးပွားရေးအခွင့်အလမ်းများ ချဲ့ထွင်ပေးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။




